တချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက ဆင်းသက်လာတာကြောင့်
တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။
ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့
ကျွန်တော်ဆိုချင်ပါတယ်။
ဥပမာ-- (၁) တစ်ဘက်လူရဲ့ ဘဝအခြေအနေကို လေးစားပါ
ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင်
အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ
မရှိဘူးဖြစ်နေတယ်။ နောက်တော့ သူ့ကို ကျွန်တော်
ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အဲဒီမှာ
သူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့
အတွဲလို့ လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး..
သူတို့ လမ်းခွဲလိုက်ကြတယ်။
နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက
ကောင်လေးကို ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို
အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ
စာကျက်ဝိုင်းတွေ တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ
ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။ ဒါပေမယ့် ကောင်လေးက
စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက
ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။
"ဘာသာတစ်ခုထဲကို နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ
ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့ ကောင်မလေးကဆိုတယ်။
စစချင်းမှာ ကောင်မလေးရဲ့ တောင်းဆိုသမျှကို ကောင်လေး
လိုက်လျောခဲ့တယ်။ ဒါပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒါတွေကို
ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့ သူမြင်လာတယ်။
"ကျွန်တော့်ကို သူအရမ်းဖိအားပေးတယ်။ ဒါတောင်
မင်္ဂလာမဆောင်ရသေးပါဘူးဗျာ.. မင်္ဂလာဆောင်ပြီး အတူနေရင်
ဒီထက်ပိုဆိုးမယ်" လို့ ကောင်လေးက ပြောပါတယ်။
"ကျွန်မတို့ရဲ့အနာဂတ်အတွက် ကျွန်မပြင်ဆင်တာပဲ..
ကျွန်မ မှားလို့လား" လို့ ကောင်မလေးက စိတ်ပျက်လက်ပျက်ပြောတယ်။
တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်ချစ်
လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ လွတ်လပ်မှုတွေရှိတယ်။
ကျွန်တော်တို့ "ကောင်းတယ်" လို့ ထင်တဲ့အရာက
တခြားလူရဲ့အမြင်မှာ ကောင်းချင်မှကောင်းလိမ့်မယ်။
ကိုယ့်အထင်၊ ကိုယ့်အမြင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့
တခြားလူအပေါ် အတင်းအဓမ္မ ဝတ်မပေးပါနဲ့။
ဥပမာ--(၂) တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကို လေးစားရမယ်
ကျွန်တော်တို့ဟာ အရင်းနှီးဆုံးသူတွေနဲ့ ပြောဆိုဆက်ဆံလေ
မယဉ်ကျေးလေ အမြဲဖြစ်တတ်တယ်။ ဒီလို တစ်ဘက်သားကို
မလေးစားတတ်မှုတွေက နောက်ဆုံးမှာ ရင်းနှီးမှုတွေကို
လဲပြိုစေတဲ့ ကောက်ရိုးတစ်မျှင်ဖြစ်တယ်။
အင်တာဗျူးတစ်ခုမှာ မင်းသမီးတစ်ဦးက သူ့ချစ်သူဟောင်း
အကြောင်း ပြောပြတယ်။ သူတို့လမ်းခွဲရတဲ့အကြောင်းကို
ပြန်သုံးသပ်ပြတယ်။ "ကိုယ့်ကိုယ်တိုင်ကို ပိုအလေးထား"
မိတဲ့အတွက် သူတို့လမ်းခွဲခဲ့ရတယ်လို့ ဆိုတယ်။ အရင်က
သူ့အတွက် သူ့ချစ်သူ ပေးဆပ်သမျှ၊ အကောင်းလုပ်ပေးသမျှကို
လုပ်သင့်လုပ်ထိုက်တယ်လို့ပဲ သူထင်ခဲ့တယ်။ တကယ်လို့
ချစ်သူက အမှားလေးတစ်ခုခု၊ ဒါမှမဟုတ် သူ့ကို ဥပေက္ခာပြုမိတာနဲ့
သူစိတ်တိုဒေါသထွက်ပြီး ချစ်သူကို ရန်ရှာခဲ့တယ်။ ဒီလိုနဲ့
နောက်ဆုံးမှာ ချစ်သူက သူ့ကိုလမ်းခွဲဖို့ စကားစခဲ့တယ်လို့ဆိုတယ်။
"နင်ငါ့ကို ချစ်သူလို မဆက်ဆံဘဲ လက်အောက်ငယ်သားလို
ဆက်ဆံနေတယ်" ဆိုတဲ့ချစ်သူရဲ့ စကားတစ်ခွန်းက
သူ့အမှားကို သူသိစေခဲ့တယ်လို့ မင်းသမီးကပြောပါတယ်။
သေချာစဉ်းစားကြည့်ပါ.... သင် နောက်ဆုံးအကြိမ်
ဘယ်သူ့အပေါ် သည်းခံစိတ်ပျောက်ခဲ့သလဲ၊
စိတ်တိုဒေါသထွက်ခဲ့သလဲ၊ များသောအားဖြင့်
အဖြေက ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ အပေါ်မှာပဲဖြစ်တယ်။
တကယ်တော့ သူတို့ဟာ ကိုယ်နဲ့ပိုရင်းနှီး ပိုလေးစားရမယ့်
လူတွေဖြစ်တယ်။ တစ်ဘက်လူကို လေးစားရမယ့် အမှုအကျင့်တွေ
မဲ့လာတာနဲ့အမျှ ကျွန်တော်တို့ကြားက အချစ်တွေလည်း
လျော့လျော့လာမှာဖြစ်တယ်။ ဒါဟာလုံးဝ မဖြစ်ထိုက်တဲ့အရာတွေပါ။
ဥပမာ-- (၃) ဝေဖန်ခြင်းကို ချီးမွမ်းခြင်းဖြင့် အစားထိုးပါ
ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆို
ဆက်ဆံနိုင်ပေမယ့် တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို
လိုချင်ကြတယ်။ နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့
စကားတွေက သံထည်လိုမာကျောတဲ့ နှလုံးသားကိုတောင်
အရည်ပျော်စေနိုင်ပါတယ်။
မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့
အကြောင်းကိုပဲ ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စ
အသေးအမွှားက သူ့ကိုအမြဲ စိတ်တိုဒေါသထွက်စေပြီး
လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊
သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။
အဲဒီလို ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း
စကားမခေါ်မပြောပဲနေတယ်။ သူဘယ်လိုစိတ်တိုတို၊
ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ
အမှိုက်သွန်ဖို့အရေးကို မလှုံ့ဆော်နိုင်ခဲ့ဘူး။
ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက
"ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို သဘောထားပါ။
၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့
လေသံနဲ့ပြောကြည့်ပါ" လို့ သူ့ကို အကြံပေးခဲ့တယ်။
ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။
အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား
တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။
"ယောက်ျားရေ... ငါ့ကို အမှိုက်သွန်ပေးနိုင်မလား၊ သွန်ပေးနိုင်ရင်
ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ"
အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်
ကလေးတစ်ယောက်ကို ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။
"အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ"
အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊
မျက်နှာစူပုပ်တဲ့ အပြုအမူတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူ
ကလည်း သူ့အသိနဲ့သူ အမှိုက်တွေ ကူသွန်ပေးခဲ့တယ်။
"ကဲ့ရဲ့ဝေဖန်"တာကို "ချီးမွမ်း" တာနဲ့ အစားထိုးတာဟာ
အရာရာကို အကောင်းဖက်ပြောင်းလဲစေပါတယ်။
လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊
ကိုယ့်အယူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။
ဒီလိုအခြေအနေမျိုးမှာ ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး
ဦးတည်နေပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အချင်းချင်း
လာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို ခွင့်လွှတ်တာနဲ့
အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားမယ်။
ဒါမှ ပျော်ရွှင်ခြင်းသော့ကို သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
မူရင်းရေးသားသူ-- Huang Tong (黃桐)老天給的幸福 要懂得享受
No comments :
Post a Comment