ရခိုင်ပြည်နယ်အစိုးရက MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာဟာ
ရခိုင်ပြည်သူတွေရဲ့ အကျိုးအတွက် ဆောင်ရွက်ခဲ့ တာဖြစ်တာကြောင့်
ရခိုင်ပြည်သူတွေအနေနဲ့ ယုံကြည်မှုပေးကြဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးမောင်မောင်အုန်းက ဒီကနေ့ တိုက်တွန်းပြောဆို လိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောလိုက်တာပါ။
"လူထုမကြိုက်မိတဲ့ အလုပ်တစ်ခုကိုလုပ်မိခဲ့တဲ့ အတွက်
ကျနော်စိတ်မကောင်းပါဘူး၊ သို့သော်
လက်တွေ့ကျတဲ့အထိ သူတို့ကိုစောင့်ကြည့်ပါဦး၊ ဒါကအပေါ်ယံ ဒေါသနဲ့ဖြစ်တဲ့ဆန္ဒကိုသာ လျစ်လျူရှုတာပါ၊ ရင်ထဲမှာရှိတဲ့ ရခိုင်ဒေသကြီး တည်ငြိမ်အေးချမ်းဖို့ ကိုယ့်လူမျိုးဂုဏ်သိက္ခာရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ ကျနော်ကကိုင်ထားပါတယ်၊ ကျနော့်ကို နားလည်ပေးဖို့ ဆိုလိုပါတယ်၊ ကျနော်တို့ ဒီနေ့လုပ်စရာရှိတာတွေကို ဆွေးနွေးပေးပါမယ်၊ ကျနော်ကတော့ အားလုံးအကျိုးရှိမယ့် အလုပ်တစ်ခုကို ခေါင်းခံလုပ်တာပါ၊ ပြီးခဲ့တဲ့ကာလာကဟာကို မယုံကြည်တာနဲ့ အခုလည်း ဒီလိုပဲလားဆိုတော့ ကျနော့်ကို ဆောင်ရွက်ဖို့အချိန်ပေးပါဦး၊ စောင့်ကြည့်ပါဦး"

အစိုးရအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့
တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့
ပူးတွဲဆောင်ရွက်ရာမှာ MSF အဖွဲ့ကို ချန်ထားလို့ မရနိုင်တဲ့အပြင်
နိုင်ငံတကာမှာလည်း ပြောစရာမဖြစ်ရအောင် ထည့်သွင်းဖိတ်ခေါ်ခဲ့ရတာလို့
ပြောပါတယ်။
အစိုးရအနေနဲ့ ရခိုင်တိုင်းရင်းသားတွေဘက်က ရပ်တည်နေပြီး MSF အဖွဲ့
ရခိုင်ပြည်နယ်ထဲကို အမှန်တကယ် ဝင်ရောက်လာတဲ့အခါမှာလည်း ဒေသခံတွေရဲ့
ဆန္ဒသဘောထားအတိုင်း ဖြစ်ရစေမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့်
လုပ်ငန်းတွေရပ်ဆိုင်းထားခဲ့ရတဲ့ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို
ရခိုင်ပြည်နယ်ထဲကို ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ ဇူလိုင်လ ၂၃ ရက်နေ့က
အစိုးရက ကြေညာချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့တဲ့နောက်ပိုင်း ဒီကိစ္စအပေါ်
ရခိုင်ဒေသခံတွေက သဘောမတူကြောင်း ကန့်ကွက်နေကြတာလည်းဖြစ်ပါတယ်။
Credit To RFA
No comments :
Post a Comment