Thursday, July 3, 2014

မိုးရာသီနှင့် သွေးလွန်တုပ်ကွေး ၁.၂



သွေးလွန်တုပ်ကွေးရောဂါ အခြေအနေကို အဆင့်တွေ သတ်မှတ်ထားပါသေးလားဆရာ။

အဆင့်တွေကတော့ Hess test စမ်းကြည့်လိုက်လို့ပေါ်ရင် အဆင့် ၁၊ အဆင့် ၂ မှာကျတော့
အဲဒါတွေအပြင် ကော်ဖီရောင်အန်တယ်။ ၀မ်းမည်းမည်းသွားတယ်။ တခြားနေရာတွေကလည်း

သွေးယိုတယ်။ သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်တာဆိုရင်တော့ အဆင့် ၃ လို့ သတ်မှတ်ပါတယ်။
သွေးပေါင်ချိန်၊ သွေးခုန်နှုန်းတွေ လုံးဝစမ်းမရတော့ရင်တော့ အဆင့် ၄ ပါ။ သွေးလွန်တုပ်ကွေးဖြစ်ရင်
အရေးကြီးတာက တချို့ကလေးတွေမှာ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကြောင့် သွေးလန့်တဲ့အဆင့်ရောက်သွားနိုင်
ပါတယ်။

သွေးလန့်တာကို ဘယ်လိုသိနိုင်ပါသလဲ ဆရာ။

ကလေးက သုံးရက်ကနေ ငါးရက်အတွင်း အဖျားကျသွားမယ်။ အဖျားကျပေမဲ့ လန်းဆန်းမလာဘဲ
မှိန်းနေမယ်၊ ခြေတွေ၊ လက်တွေ အေးစက်နေမယ်၊ ကယောင်ကတမ်းဖြစ်တာ၊ ကော်ဖီနှစ်ရောင်အန်တာ၊
ဝမ်းဗိုက်အောင့်တာ၊ အဆက်မပြတ် အန်တာ၊ အလွန်အမင်းမှိန်းတာတွေက အန္တရာယ်ဖြစ်နိုင်တဲ့
လက္ခဏာတွေပါ။များသောအားဖြင့် အဖျားကျသွားတာကြောင့် မိဘတွေက ကောင်းသွားပြီလို့ထင်
တတ်တယ်။ အဲဒီလို မှားနိုင်တာကို ''သွေးလွန်တုပ်ကွေးထောင်ချောက်'' လို့ခေါ်တယ်။ အဖျားကျသွားတာက
ကောင်းသွားလို့ အဖျားကျသွားတာရှိသလို ပိုဆိုးချင်လို့ အဖျားကျတာလည်းရှိတယ်။
သွေးလန့်တဲ့အခြေအနေကတော့ ပိုဆိုးချင်လို့အဖျားကျတာ။ အဲဒီအခါ ဆေးရုံ၊ ဆေးခန်းအမြန်သွားဖို့
လိုတယ်။ ဖြစ်နိုင်ရင် ဆေးရုံချက်ချင်းတက်ရမယ်။ သွေးမလန့်ခင်ကတည်းက ကြိုတင်သိပြီး
ကြိုတင်ကုသနိုင်ရင်တော့ ပိုကောင်းတယ်။

သွေးလန့်တာကို စောစောသိဖို့ ဘာလို့ အရေးကြီးပါသလဲဆရာ။

ရှေ့မှာပြောခဲ့တဲ့ လက္ခဏာတွေကို ကြည့်ပြီး သွေးလန့်တယ်ဆိုတာ သိနိုင်ပါတယ်။ ဂရုတစိုက်
စောင့်ကြည့်ပေမဲ့ သွေးလန့်တဲ့ အခြေအနေကို ရောက်သွားတဲ့ကလေးတွေလည်း ရှိတယ်။
ကြိုတင်ကာကွယ်လို့တော့ မရဘူး။ ကုသမှုအပိုင်းမှာတော့ ပိုခက်ခဲတဲ့အခြေအနေမရောက်အောင်
ကြိုတင်လုပ်ထားလို့ ရပါတယ်။ သွေးလန့်မှန်းသိလို့ စောစောစီးစီး ကုသနိုင်ရင်တော့ သွေးယိုတဲ့အဆင့်ထိ
မရောက်ဘဲ ကောင်းသွားတာများပါတယ်။ အိမ်မှာ သွေးလန့်တာကို မသိလို့ကြာနေရင် အန္တရာယ်
ရှိနိုင်တယ်။ သွေးယိုတဲ့အထိ ဖြစ်လာနိုင်တယ်။ သွေးယိုတာက အစာအိမ်မှာဖြစ်ရင် အန်တဲ့အခါ
ကော်ဖီရောင် အန်မယ်၊ ၀မ်းမည်းမည်းသွားမယ်။ သွေးပြန်သွင်းလို့ ရတယ်။
အရေးကြီးတဲ့ ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နားမှာရှိတဲ့
လူရဲ့သွေးချိန်ကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ အက်ဒရီနယ်ဂလင်း (Adrenal Gland) တို့မှာ
သွေးယိုရင်တော့ ကုသရတာ ခက်သွားတတ်ပါတယ်။ သွေးလန့်တဲ့ အခြေအနေဖြစ်ရင် ကုသလို့
ခဏကောင်းသွားပေမဲ့ စိတ်မချရသေးပါဘူး။ နောက် ၄၈ နာရီလောက်အထိ အချိန်မလပ် စောင့်ကြည့်ဖို့
လိုအပ်ပါတယ်။

No comments :

Post a Comment