Tuesday, October 7, 2014

မြန်မာ့ပင်လယ်ပြင်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့ မိုးသက်လေပြင်းကျနိုင်

 မြန်မာ့ပင်လယ်ပြင်တွင် ၂၄ နာရီအတွင်း ၂၀၁၄ ခုနှစ် အတွက် တတိယမြောက်မုန်တိုင်းငယ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

   နိုင်ငံတကာမှ အမည်မတပ်ရသေးသော အဆိုပါမုန်တိုင်းငယ်သည် ကော့သောင်းမြို့အနီး ကမ်းလွန်ဒေသမှ စတင်ကာ ဖြစ်ပေါ်လာပြီး ကိုကိုးကျွန်းနှင့် ဟိုင်းကြီးကျွန်းတို့ကြားမှဖြတ်၍
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ရွေ့လျားသွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့် မှန်းချက်များကို ကိုးကား၍ မုန်တိုင်းရွေ့လျားမည့် လမ်းကြောင်းကို ဒေါက်တာထွန်းလွင်က ရှင်းပြသည်။
‘‘ဒီမုန်တိုင်းက မြန်မာ့ရေပိုင်နက်ထဲမှ သေချာပေါက်ဖြစ်မှာမို့လို့ ရာသီဥတုသတင်းတွေကို နားစွင့်ထားဖို့ လိုနေပါပြီ။ ဒါဟာ တတိယမြောက် မုန်တိုင်းပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ငါးခုရယ်၊ ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်မှာရယ် မုန်တိုင်းအရှိန် အဓိကသက်ရောက်မယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
ဒေါက်တာထွန်းလွင်က မုန်တိုင်း၏ အရှိန်ကြောင့် အောက် တိုဘာ ၇ ရက်နှင့် ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မိုးသက်လေပြင်းကျပြီး တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ မှ ၄၅ မိုင် ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးသည်။ ထို့အပြင် ကမ်းရိုးတန်းဒေသများနှင့် မြန်မာ့ပင်လယ်ပြင်၌ လှိုင်းကြီးကာ လှိုင်းအ မြင့် ၁၀ ပေမှ ၁၄ ပေအထိ မြင့်တက်နိုင်ကြောင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို သတိပေးထားသည်။
မိုး/ဇလဌာနကလည်း မြန်မာ့ပင်လယ်ပြင်တွင် အောက်တို ဘာ ၆ ရက် နေ့လယ် ၁၂ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ မြန်မာ့ပင်လယ်ပြင်တွင် ဇန်နဝါရီလနှင့် မေလက  မုန်တိုင်း ငယ်နှစ်လုံးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ဒေသအချို့ မုန်တိုင်းအန္တရာယ် ရင်ဆိုင်ခဲ့ရသည်။ ယခု အချိန်သည် တောင်တရုတ်ပင်လယ်ဘက်တွင်လည်း မုန်တိုင်းများ ဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့သည့် စက်တင်ဘာလက တောင်တရုတ်ပင်လယ်မှ မုန်တိုင်းတစ်လုံး၏ အရှိန်ကြောင့် မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ကချင်ပြည် နယ်တို့တွင် လူနှင့် တိရစ္ဆာန် သေဆုံးသည်အထိ ရေဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရသည်။
 မုန်တိုင်း  သတိပေးချက် ထွက်ပေါ်လာပြီးနောက် နေပြည်တော် လူကယ်ပြန်ဌာန၊ ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး က မုန်တိုင်းအရှိန် သက်ရောက်နိုင်သည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းပြောကြားပြီး မီးသတ်ဗဟိုကလည်း ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို သတိပေးထားကြောင်း ဖုန်းမှတစ်ဆင့် အသိပေးသည်။

7daydaily

No comments :

Post a Comment