ရခိုင်ပြည်နယ်မြို့နယ်အချို့တွင်
ဖြစ်ပွားခဲ့သည့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့်
ကာကွယ်ဆေးထိုးနှံခြင်းများကို ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းထိုးပေးရန် စီစဉ်နေကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
ဇူလိုင်လအတွင်း စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်ရှိ မြို့နယ်အချို့တွင်နေထိုင်သည့် ကလေးငယ်များ၌
ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွ
ားခဲ့သည်။ စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာသော ဂျပန်ဦးနှောက်ရောင်ရောဂါသံသယရှိသူ ၄၃ ဦးအနက် ၂၃ ဦး၏ သွေးနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းသို့ပို့ပြီး အဖြေရှာခဲ့ရာ ၁၆ ဦးကို ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဆေးရုံမှတ်တမ်းများတွင် ဖော်ပြချက်အရ သိရသည်။
ရောဂါဖြစ်ပွားသူများအနက် ကလေးငယ်နှစ်ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုကို
၁၉၇၉ ခုနှစ်တွင် စတင်တွေ့ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင်
ခြောက်ဦးဖြစ်ပွားခဲ့သော်လည်း သေဆုံးမှုမရှိခဲ့ပေ။ သို့ရာတွင်၂၀၁၀
ပြည့်နှစ်ကပင် စတင်၍ ဆက်တိုက်ဆိုသလို အနည်းငယ်ဖြစ်ပွားမှုများရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို ငွေကြေးတတ်နိုင်သူအချို့က ပြင်ပဆေးကုမ္ပဏီများနှင့် ဆက်သွယ်ဝယ်ယူထိုးနှံနေကြောင်းသိရပြီး
တစ်ကြိမ်ထိုးလျှင် ကျပ်ကိုးသောင်းခန့်ကုန်ကျကာ နှစ်ကြိမ်ထိုးနှံရကြောင်း
သိရသည်။ ငွေကြေးကုန်ကျမှုများပြားသဖြင့် သာမန်လူတန်းစားများ
မတတ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။
No comments :
Post a Comment