Thursday, October 23, 2014

အမြန်ရေယာဉ်နှင့် ကင်းလှည့်ရေယာဉ်များ ရေချ


Myanmaalinn
စစ်တွေ အောက်တိုဘာ ၂ဝ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန်ရေယာဉ်နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ်တစ်စင်းတို့အား ရေချပွဲအခမ်းအနားကို အောက်တိုဘာ ၁၉

ရက် နံနက် ၈ နာရီက စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးအနီး ဆိပ်ခံတံတား၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်စဉ်နှင့် ဘေးအန္တရာယ်ကျရောက်မှုတွင် ရှာဖွေကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်းလုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရေယာဉ်များကို ဝယ်ယူခြင်း ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးကိစ္စများအပြင် အခြားအထွေထွေကိစ္စရပ်များအတွက်ပါ ဆောင်ရွက်ရန်ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်က အမြန်ရေယာဉ်နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့၏ သက်ဆိုင်သည့်အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် Light Of Time Managing Director က အမြန်ရေယာဉ်နှစ်စင်းနှင့် သက်ဆိုင်သည့် အထောက်အထား စာရွက်စာတမ်းများအားလည်းကောင်း၊ ရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကင်းလှည့် ရေယာဉ်တစ်စင်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်တရဂုဏ်ပြု သစ်သီးခြင်းများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား အမြန်ရေယာဉ်ဝန်ထမ်းများက အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က အမြန်ရေယာဉ်များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမြန်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား အမြန်ရေယာဉ်များ ပေါ်သို့ပင့်ဆောင်၍ ပေါက်တောမြို့သို့ စမ်းသပ်မောင်းနှင်ပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ကြသည်။

ယင်းနောက် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။ (ပြည်နယ် ပြန်/ဆက်)

No comments :

Post a Comment