အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ
(American Junior WJGS Event)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်
မြန်မာကစားသမားသုံးဦးကို ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၁၉ မှ ၂၂ ရက်အထိ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် စိန့်သြဂတ်စတင်းမြို့ရှိ (World Golf Village Resort)တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကျင်းပရေးကော်မတီက မြန်မာလူငယ်ကစားသမား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ထံသို့ ဖိတ်ကြားထားကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။
‘‘အမေရိကန်မှာကျင်းပမယ့် ကမ္ဘာ့လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲမှာ မြန်မာလူငယ်ကစားသမားသုံးဦးကို လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံထားရပါတယ်။ တခြားကုန်ကျစရိတ်တွေကို ပြိုင်ပွဲကျင်းပရေးက ကျခံမှာဖြစ်ပြီး ခရီးစရိတ်ကိုတော့ အဖွဲ့ချုပ်ကကျခံရမှာပါ။ အဖွဲ့ချုပ်က စေလွှတ်ယှဉ်ပြိုင်ဖို့ စီစဉ်နေပါတယ်’’ဟု တာဝန်ရှိသူကဆိုသည်။
မြန်မာလူငယ်ကစားသမားများအနေဖြင့် နောက်ပိုင်းနှစ်များတွင် ဒေသတွင်းဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိမှုကြောင့် အမေရိကနှင့်ဥရောပနိုင်ငံများတွင် ပြုလုပ်သည့်ပြိုင်ပွဲများက ဖိတ်ကြားမှုများ ပြုလုပ်လာခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှာ မြန်မာကစားသမားများအား ပထမဆုံးအကြိမ် ဖိတ်ကြားခြင်းဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။
‘‘အမေရိကန်မှာပြုလုပ်တဲ့ ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ မြန်မာကစားသမားတွေအနေနဲ့ အရင်က၀င်ပြိုင်ဖူးပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကတော့ ဖိတ်ကြားတာ ဒါပထမဆုံးပါ’’ဟု တာဝန်ရှိသူကပြောသည်။ မြန်မာလူငယ်ကစားသမားများအနေဖြင့် လာမည့်နိုဝင်ဘာလအတွင်းတွင်လည်း ဒေသတွင်းနိုင်ငံများ၌ ကျင်းပမည့် ဂျူနီယာဂေါက်သီးရိုက်ပြိုင်ပွဲများသို့လည်း ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
7-Day

No comments :
Post a Comment