Thursday, October 23, 2014

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် မြန်မာလုပ်ငန်းရှင်များအတွက် အခွင့်အရေးနှင့် တာဝန်ယူမှု တိုးမြှင့်ပေးရန်လို

အသစ်ပြန်လည်ရေးဆွဲနေသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် မြန်မာလုပ်ငန်းရှင်များအတွက် အခွင့်အရေးရော တာဝန်ယူမှုပိုင်းပါ တိုးမြှင့်ပေးရန်လိုလားကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ပြောသည်။
‘‘အခွင့်အရေးသက်သာခွင့်တွေကို နိုင်ငံခြားလုပ်ငန်းရှင်တွေထက် တိုးပေးသင့်သလို
တာဝန်ယူမှုအပိုင်းတွေကိုလည်း တိုးမြှင့်ဖို့လိုအပ်တယ်’’ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို မူကြမ်းရေးဆွဲနေပြီး ပုဂ္ဂလိကကဏ္ဍမှ လိုလားချက်များ ပါဝင်ရန် လုပ်ငန်းရှင်များ၏ အမြင်ကိုလည်း ရယူနေသည်။ ယင်းသို့ ဥပဒေမူကြမ်းအတွက် တိုင်ပင်ဆွေးနွေးရာ၌ ပြည်တွင်းလုပ်ငန်းရှင်များက ပြည်ပလုပ်ငန်းရှင်ထက် အခွင့်အရေးသာမက သဘာဝပတ်ဝန်းကျင်၊ အလုပ်သမားအခွင့်အရေး စသော လူမှုရေးတာဝန်ယူမှုများပါ တိုးမြှင့်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၂ တွင် စတင်ပြဋ္ဌာန်းပြီးနောက် ဝင်ငွေခွန်သက်သာခွင့်၊ ကုန်သွယ်လုပ်ငန်းခွန်သက်သာခွင့် စသော အခွင့်အရေးများကို အနည်းဆုံးငါးနှစ်အထိ ပေးထားခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များက မကျေနပ်ကြပေ။ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပူးတွဲပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအဖြစ် ပြဋ္ဌာန်းရန် မူကြမ်းရေးဆွဲနေခြင်း ဖြစ်သည်။
‘‘နိုင်ငံတော်တော်များများမှာ နိုင်ငံခြားနဲ့ ပြည်တွင်းနဲ့က ဥပဒေခွဲထားတာမရှိဘူး။ ဒါကြောင့် နှစ်ခုကိုပေါင်းဖို့လုပ်ရတာ’’ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
လက်ရှိဝင်ရောက်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို လက်ရှိပြဋ္ဌာန်းပြီး ဥပဒေနှစ်ခုအရသာ ခွင့်ပြုနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
 ‘‘ဒီနှစ်ထဲမှာတော့ မပြီးလောက်ဘူး။ ရှေ့နှစ်မှာ ထွက်လောက်မယ်ထင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

No comments :

Post a Comment