ဘဏ်အကြောင်း
တစေ့တစောင်း ပြောကြဆိုကြ ရေးကြတာတွေ တွေ့ရပါတယ်။ မကြာသေးမီက ပုဂ္ဂလိကမှာရော
အစိုးရဘက်မှာပါ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက သူတွေ့ကြုံ
ကြားသိခဲ့ရတာလေးတွေကို ပြောပြရင်း လက်ရှိ ဘဏ်လုပ်ငန်းရဲ့ ငွေကြေးကဏ္ဍကို
မှတ်ချက်ပေးတာ တွေ့ခဲ့ရပါတယ်။
မြေမလတ်မြို့ကလေး
တစ်မြို့ကမြို့ခံပုဂ္ဂိုလ် တစ်ယောက်ဟာ သူတို့မြို့မှာ ပုဂ္ဂလိကဘဏ်တွေ
များလာတဲ့ အတွက် သူတို့မြို့မှာ အဲဒီလောက်ဘဏ်တွေ လိုအပ်ရဲ့လားလို့ စဉ်းစားမိတဲ့
အကြောင်းကို တစ်ဆင့်ပြန်လည် ပြောပြထားပါတယ်။ သူပြောတာနဲ့ ဆက်စပ်ပြီး
ဒီလိုပဲ အညာမြို့ကြီး တစ်မြို့လို့ ပြောရမယ့် ပခုက္ကူမြို့က လူတစ်ယောက်ကို
သူတို့မြို့မှာ ဘာတွေပေါသလဲလို့ မေးတော့ ဘဏ်တွေ ပေါတယ်လို့ ပြန်ပြောတာကို
ကြားဖူးခဲ့တာကို ပြောပြချင်ပါတယ်ဗျာ။
ဘဏ်တွေ (ပုဂ္ဂလိကဘဏ်တွေ) ဟာ
မြို့ကြီးတွေက် မြို့လယ်ကောင်တွေမှာ ခလုတ်တိုက်လုမတတ် ပေါများလှတာ
တွေ့ရပါတယ်။ တစ်ဘဏ်နဲ့ တစ်ဘဏ် မျက်နှာချင်းဆိုင် ရှိတဲ့အခါလည်း
ရှိနေတတ်ပါတယ်။ ဒေးဒရဲ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ပန်းတနော်၊
ညောင်တုန်း၊ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ကဝ၊ ဒိုက်ဦး၊ ဝေါ စတဲ့ မြန်မာပြည်
အောက်ပိုင်းမြို့တွေ၊ အထက်မြန်မာပြည်က မြို့နယ်လေးတွေ၊ ပြည်နယ်တွေက
မြို့တွေမှာတော့ ပုဂ္ဂလိကဘဏ်တွေ မရှိပါဘူး။ ဒါပေမဲ့ ဘဏ်လောကမှာ
လူသိထင်ရှားတဲ့ ပုဂ္ဂလိကဘဏ်မှ အရာရှိကြီး တစ်ဦးရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ
အရှေ့တောင်အာရှ နိုင်ငံများ အလယ်မှာ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးနိုင်မှု
အနည်းဆုံးဖြစ်နေတဲ့ အကြောင်း၊ အခု အလွန်တိုးတက်နေတဲ့
ဗီယက်နမ်နိုင်ငံထက်တောင် နိမ့်ကျနေတဲ့ အကြောင်း၊ မြန်မာနိုင်ငံမှာ
လူတစ်သိန်းမှာ ဘဏ် ၁ ဘဏ်သာ ရှိတဲ့အကြောင်း၊ ကိန်းဂဏန်းတွေနဲ့
နှိုင်းယှဉ်ပြောပြတာ တွေ့ရပါတယ်။
အမှန်တကယ်တော့ နိုင်ငံတော်အစိုးရ
ဘဏ်ခွဲပေါင်း ၃၀၀ ခန့်၊ ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၃၀၀ ကျော်၊
စုစုပေါင်းဘဏ်ခွဲပေါင်း ၆၀၀ ကျော်ကို မြန်မာပြည် လူဦးရေ သန်း ၆၀
နဲ့စားပြီး လူတစ်သိန်းမှာ တစ်ဘဏ်သာ ရှိသေးတယ်ဆိုတဲ့ အချက်ဟာ ဗီယက်နမ်ထက်
နည်းနေသေးတယ် ဆိုတဲ့ အချက်ဟာ ယေဘုယျကျလွန်းတဲ့ ကောက်ချက်ဖြစ်တယ်လို့
မြင်ပါတယ်။ အခုအခါမှာတော့ သက်ဆိုင်ရာမြို့ခံတွေရဲ့ အသံတွေကို
ကြားလာပြီဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ မရှိတဲ့ မြို့ကလေးတွေဆီကတော့
တောင်းဆိုသံတွေတော့ မကြားရသေးပါဘူး။ ဘဏ်ဆိုတာဟာလည်း အမြတ်အစွန်းအတွက်
အလုပ်လုပ်တယ်ဆိုတဲ့ အတိုင်း အကျိုးအမြတ်၊ အမြတ်အစွန်း သေချာမယ့် နေရာတွေမှာ
နေရာယူတတ်ကြပါတယ်။ (Bank is a profit making institution)
မြန်မာနိုင်ငံက ဘဏ်တွေကို ဗီယက်နမ်နိုင်ငံမှာ ရှိတဲ့ ဘဏ်ဦးရေနဲ့
နှိုင်းယှဉ်ပြောတာဟာ မြန်မာပြည်မှာ ရှိနေတဲ့ ကားစီးရေဟာ ဗီယက်နမ်နိုင်ငံမှာ
ရှိတဲ့ ကားစီးရေနှင့် နှိုင်းယှဉ်ရင် နည်းနေသေးတယ်၊ ကားစီးရေ ၃
သိန်းကျော်လောက် လိုနေသေးတယ်။ မှတ်ချက်ပြုပြီး ကားသွင်းခွင့်တွေ
ဗုံးပေါလအော ခွင့်ပြုခဲ့တဲ့ အခါမှာ သုံးခဲ့တဲ့ နှိုင်းယှဉ်ချက်နဲ့
တူနေပါတယ်။ ထူးခြားတာကတော့ ဗီယက်နမ်နိုင်ငံဟာ ကျွန်တော်တို့
မြန်မာနိုင်ငံရဲ့ စံပြုနှိုင်းယှဉ်စရာ နိုင်ငံဖြစ်လာနေတာကိုလည်း
တွေ့နေရပါတယ်။ မိုတယ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်းတွေမှာပါ
ခြေလှမ်းပြင်နေပါတယ်။ ဗီယက်နမ်တွေ လာနေပြီလို့ ပြောရမယ် ထင်ရဲ့။
နောက်တစ်ချက် ဆွေးနွေးမှတ်ချက်ပြုတဲ့ ကိစ္စက ဘဏ်တွေမှာ ငွေကို
ဆန်အိတ်ထမ်းသလို ထမ်းပြီးသယ်ယူလာ၊ သယ်ပို့ပေးနဲ့ ငွေပေးငွေယူ
ပြုလုပ်နေကြရတဲ့ ကိစ္စပါပဲ။ ဘဏ်မှာ ငွေသယ်ဖို့ တာဝန်ပေးထားတဲ့
တာဝန်ကျဝန်ထမ်းတွေက ဘဏ်ရဲ့ ဖောက်သည်တွေ ကားနဲ့တင်ယူလာတဲ့ ငွေတွေကို
သယ်ယူပေး၊ ငွေထုတ်ယူတဲ့ သူတွေရဲ့ ကားတွေပေါ် တင်ပို့ပေးနဲ့ ဖောက်သည်တွေ
စိတ်ကျေနပ်မှု ဝန်ဆောင်မှုအပြည့် ပေးကြပါတယ်ခင်ဗျ။ ကော်ဖီလည်း တိုက်ပါတယ်။
လွန်ခဲ့တဲ့အနှစ် ၂၀ ခန့် ၁၉၉၃ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူက
ဘဏ်လေးတစ်ခုမှာ ငွေထုတ်ငွေသွင်းကို စိတ်ဝင်စားလို့ စောင့်ကြည့်ဖူးပါတယ်။
ချက်လက်မှတ်လေးတွေ စာရွက်လေးတွေကိုင်ပြီး ငွေသွင်းကောင်တာရှေ့မှာ ရပ်၊
အလုပ်လုပ် ပြန်ထွက်သွား၊ ငွေစက္ကူ နည်းနည်းပါးပါး ကောင်တာပေါ်တင်၊
ငွေသွင်းပြန်ထွက်သွားနဲ့ လုပ်နေကြတာ တွေ့ရပါတယ်။
အခုလက်ရှိ
စင်ကာပူက ပင်နင်ဆူလာ ပလာဇာနားက ယူအိုဘီ၊ အိုစီဘီစီ ဘဏ်တွေမှာလည်း
တန်းစီပြီး ချက်လက်မှတ်လေးတွေ ကောင်တာမှာ ပေးသွင်းလိုက်၊ ငွေသားကို
လက်တစ်ဖက်ကိုင်ပြီး ငွေထုတ်ယူလိုက်နဲ့ အချိန်တိုအတွင်း
လုပ်ငန်းပြီးသွားကြတာ တွေ့ရပါတယ်။ ငွေစက္ကူကို ငွေခွန်အိတ်ကြီးတွေနဲ့
ထည့်ပြီး သယ်ယူနေကြရတဲ့ အကြောင်းရင်းကို ဘဏ်မှာ လုပ်ခဲ့ဖူးတဲ့
အထက်ပါပုဂ္ဂိုလ်က အချက်နှစ်ချက်ကို ထောက်ပြဆွေးနွေးပါတယ်။
ပထမအချက်က ငွေစက္ကူတွေ များပြားနေချိန်မှာ တန်ဖိုးမြင့် ငွေစက္ကူတွေ
မရှိလို့ဆိုတဲ့ အချက်နဲ့ ချက်လက်မှတ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြလေ့
မရှိတဲ့ ဆိုတဲ့ အချက်တွေကို ညွှန်ပြပြောဆို ဆွေးနွေးပါတယ်။
ဒီအချက်နှစ်ချက်ထဲက ချက်လက်မှတ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးမပြုကြလို့
ဆိုတဲ့ အချက်ကို စောစောကတည်းက လက်ခံထားကြပါတယ်။ ချက်လက်မှတ်တွေကို
တွင်တွင်ကျယ်ကျယ် အသုံးပြုရေးကို လှုံ့ဆော် ပြောဆိုကြတဲ့သူတွေ၊
ရေးသားကြတဲ့သူ ရှိခဲ့ကြပါတယ်။ ရှိနေဆဲ၊ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။
အခက်အခဲက ချက်လက်မှတ် ထုတ်ပေးသူများ အပေါ် ချက်လက်မှတ် လက်ခံသူများရဲ့
ယုံကြည်မှုပါပဲ။ တန်ဖိုးမြင့် ငွေစက္ကူတွေ မရှိမှုဆိုတာကလည်း တန်ဖိုးမြင့်
ငွေစက္ကူတွေ ထွက်လာရင် ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်လာမလား ဆိုတဲ့
စိတ်သောကက အဓိကကျနေပါတယ်။ ငွေကြေးဘောဂဗေဒ (ဘောဂဗေဒ) သဘောတရားတစ်ခုလို့
မြင်ပါတယ်။ ပညာရှင်များနဲ့ ငွေစက္ကူကို ဖန်တီးထုတ်လုပ်သူများရဲ့ အရေးအရာပင်
ဖြစ်ပါကြောင်းလို့ တွေးဆရပါတယ်။
ကြည်ခင်
No comments :
Post a Comment