ယနေ့ တောင်ကုတ်မြို့
နေပူတောင် စီမံကိန်း ရပ်တန့်ရန် ဆန္ဒပြမှုနှင့် ပတ်သက်၍
တောင်ကုတ်ဒေသ ဖွံ့ဖြိုးရေး ကော်မတီ
ပြောခွင့်ဆိုခွင့် ရှိသူတစ်ဦးနှင့်
ဆက်သွယ် မေးမြန်းခြင်းကို တင်ပြလိုက်ပါတယ်။
မေး - နေပူတောင် စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြမှုနှင့်
ပတ်သက်၍ တောင်ကုတ်ဒေသဖွံ့ဖြိုးရေး ကော်မတီမှ
တောင်ကုတ်မြို့နယ်သားတွေ အားမပေးဖို့
ပါဝင်ဆန္ဒမပြဖို့ ကြေငြာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနှင့် ပတ်သက်ပြီး ဘယ်လို ရည်ရွယ်ချက်နှင့်
ထုတ်ပြန်ခဲ့တယ်ဆိုတာကို သိလိုပါတယ် ။
ဒေသဖွံ့ဖြိုးရေးကော်မတီ - ကျနော်တို့ရဲ့ ရည်ရွယ်ချက်က
တောင်ကုတ်ဒေသဖွံ့ဖြိုးရေး ကော်မတီ ဆိုတဲ့ နာမည်နှင့်အညီ
တောင်ကုတ်ဒေသကို ဖွံ့ဖြိုးရေးအတွက် ဘယ်လိုနည်းနှင့် မဆို
ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အညီ
တောင်ကုတ်ကို ချစ်တဲ့ လုပ်ငန်းရှင်များ ၊ ပညာရှင်များနှင့်
ဖွဲ့စည်းခဲ့တဲ့ အတွက် တောင်ကုတ်ဒေသဖွံ့ဖြိုးရေးကိုဘဲ အဓိက ထားပါတယ်။
ဘယ်နိုင်ငံရေး ပါတီကိုမှ အဓိက မထားပါဘူး။ တောင်ကုတ်ကို
ထိခိုက်နိုင်တယ်လို့ ယူဆရင် ကန့်ကွက်ပါတယ်။ တောင်ကုတ်ကို
တိုးတက်မယ်ဆိုရင် ထောက်ခံမယ် ကူညီ ပါဝင်ပါ့မယ။် ဆန္ဒပြတယ်ဆိုတာ
ဒေသခံရဲ့ ခံစားချက်ကို ဖေါ်ထုတ်ခြင်း ဖြစ်တဲ့အတွက်
ဒေသခံ တောင်ကုတ်သားတွေရဲ့ ဆန္ဒမှာ နေပူတောင်နှင့်
ပတ်သက်၍ ခံစားချက် သိပ်မရှိပါဘူး။ ကျနော်တို့မြို့
တိုးတက်မယ်၊ လူမှုဘ၀တွေ သာယာလာမယ် ဆိုရင်
ကျနော်တို့ ထောက်ခံမယ် ။ ထိခိုက်မယ်ဆိုရင် တောင်ကုတ်သားတွေ
အတွက် ကန့်ကွက်ခြင်း ဖြစ်ပါတယ်။
မေး - တောင်ကုတ်သားတွေရဲ့ ဆန္ဒမှာ နေပူတောင်မပါဘူးလို့
စောစောက ပြောသွားပါတယ်။ ဒါနှင့် ပတ်သက်၍
အထောက်အထား အကျိုးအကြောင်းနှင့် ပြည့်စုံအောင်
ရှင်းလင်း စေလိုပါတယ်။
ဒေသဖွံ့ဖြိုးရေး ကော်မတီ - ဒီနေ့ ပြတဲ့ ဆန္ဒပြပွဲမှာ
တောင်ကုတ်သား ခေါင်းဆောင် အပါအ၀င် လူ ၅၀ ခန့် ပါဝင်ပါတယ်။
ကျန်တဲ့ ၃၀၀ လောက်က စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ မြေပုံမြို့၊ သံတွဲမြို့က
လာရောက်ပြသကြတာ ဖြစ်ပါတယ်။ သူတို့ ကြေငြာတာက လူ ၁၀,၀၀၀
လောက်ပြမယ် ပြောတယ်။ တကယ်တမ်းက လူ ၃၅၀ ခန့် ပါဝင်ပါတယ်။
ဒါကြောင့် ဒီနေ့ ဆန္ဒပြပွဲက လူဦးရေ ၁၄၀ ၀၀၀ ရှိတဲ့ တောင်ကုတ်သားများ၏
ခံစားချက် မဟုတ်ပါဘူး။ တနည်းပြောရရင် ပြည်သူများ၏ အသံမဟုတ်ပါဘူး။
နိုင်ငံရေးသမားများ၏ စည်းရုံးရေး ကစားကွက် တစ်ခုသာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနေ့ ဆန္ဒပြသူ ခေါင်းဆောင်လို့ တရားဝင် ဖော်ပြသူတွေက
၉ တန်း မအောင်ဘဲ ကျဘမ်း လုပ်ကိုင်စားသူများလို့ ဖော်ပြထားပါတယ်။
၉ တန်း မအောင်တဲ့ ပညာအရည်အခြင်း ၊ ကျဘမ်း လုပ်ကိုင်စားသောက်သူရဲ့
အတွေးအခေါ်များနောက်ကို ကျနော်တို့ တောင်ကုတ်သားတွေ ဘယ်လိုမှ လိုက်ပြီး
ဆန္ဒမပြပါဘူး။ တောင်ကုတ်သားတွေ မညံ့ပါဘူး ။
မေး - ဒီဆန္ဒပြပွဲ ပတ်သက်၍ တောင်ကုတ်မြို့ပေါ်မှာ ဘယ်လို နစ်နာသွားစေပါသလဲ
ဒေသဖွံ့ဖြိုးရေး ကော်မတီ - တောင်ကုတ်မြို့က ရခိုင်ပြည်နယ် (၁၇ ) မြို့နယ်မှာ
အငြိမ်းချမ်းဆုံး မြို့လို့ ကျနော်တို့ လက်မထောင်ပြီး ပြောနိုင်ပါတယ်။
ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက် ဖွံ့ဖြိုးနေတဲ့ မြို့ဖြစ်ပါတယ်။
ဆန္ဒပြတယ် ဆိုရင် ဒေသက လူတွေက လိုအပ်ချက်တွေ များနေတယ်လို့ ယူဆပါတယ်။
တောင်ကုတ်မြို့ ရဲ့ Image ကို ထိခိုက်စေပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ တောင်ကုတ်ဟာ အခြေခံ အားဖြင့် အားလုံး ပြီးပြည့်စုံတဲ့ ဒေသတစ်ခုလို့
ယူဆနိုင်လောက်အောင် ပညာသင်ကြားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ တယ်လီဖုန်း၊
ူသောက်သုံးရေ ဖူလုံစွာ ရရှိရေး ၊ အားလုံး ပြည့်စုံပါတယ် ။ ဒီလို ပြည့်စုံတဲ့ နေရာမှာ
ဆန္ဒပြရင် တည်ငြိမ်မှုကို ထိခိုက်စေပါတယ်။ တည်ငြိမ်မှုကို ထိခိုက်ရင်
နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေဟာ ရခိုင်တစ်ခုလုံးကို လာပြီး ရင်းနှီးမြုပ်နှံရေးအတွက်
စဉ်းစား စရာဖြစ်လာပါလိမ့်မယ် ။ အဲလို စဉ်းစားပြီး ရင်းနှီးမြုပ်နှံမှုတွေ
နှေးကွေးသွားရင် ရခိုင်ရဲု့ ဆင်းရဲမှုကို ကျနော်တို့က ဆက်ပြီး လက်ခံ ဆွဲဆန့်ထားသလို
ဖြစ်မှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ ကျနော်တို့ ချစ်တဲ့ တောင်ကုတ်ရဲ့ image ကို
ကျနော်တို့ ထိခိုက်မခံ နိုင်တဲ့အတွက် ကျနော်တို့ ကြေငြာချက် ထုတ်ပြန်ရခြင်း
ဖြစ်ပါတယ်။ ဒီမိုကရေစီ ခေတ်မှာ ကျနော်တို့ရဲ့ သဘောထားကို ထုတ်ပြန်ခြင်းဟာ
ကျနော်တို့၏ အခွင့်အရေး ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းကို မှ ကျနော်တို့
မပုတ်ခတ်ခဲ့ပါဘူး။ စောစောက ဆန္ဒပြတဲ့ အဖွဲ့အစည်းကသာ ကျွန်တော်တို့၏
ဥက္ကဋ္ဌကြီး ဦးကျောက်တောင်ကို ဟောပြော ပုတ်ခတ်ခဲ့တာကို တွေ့ရပါတယ်။
မေး - ယနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်၍ ပြောပြလိုသော အကြောင်းအရာရှိရင်လည်း ပြောပြပေးပါဦး
ဒေသဖွံ့ဖြိုးရေး ကော်မတီ - ကျနော်တို့ မြို့က ခေတ်အဆက်ဆက် အနှိမ့်ခံခဲ့ရပါတယ်။
ကျနော်တို့ တောင်ကုတ်သားတွေ အဆမတန် ကြိုးစားခဲ့ပါတယ်။ စည်းလုံးခဲ့ကြတယ်။
အနှိမ်ခံခဲ့ရတာတွေကို အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ပြီး တွန်းလှန်ခဲ့ရပါတယ်။
ဒီလို ကြိုးစားခဲ့မှုကြောင့် ယနေ့ တိုးတက်မှုကို တွေ့ကြုံခံစားခဲ့ရပါတယ်။
ဒီနေ့ နိုင်ငံရေးသမား အချို့က အာဏာထူထောင်လိုသော ဆန္ဒ ၊
ပြည်ထောင်စု အစိုးရက အသိအမှတ်ပြုလိုသော ဆန္ဒ ၊ တို့နှင့်
ရခိုင်ပြည်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို မသိနားမလည်သော ပြည်သူများကို
စည်းရုံးပြီး ဆန့်ကျင်ပွဲတွေ ဆန္ဒပြပွဲတွေ လုပ်လာကြတယ် ။
နေပူတောင် စီမံကိန်း ချက်ခြင်းရပ် လို့ ကြွေးကြော်ကြတယ်။
အာဏာ လုံးဝ မရှိသေးလို့ တော်သေးတာပေါ့ ။ အာဏာများရှိရင် ဘယ်လို လုပ်ကြမလဲ ။။။
စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ ၊ သံတွဲ က ပါဝင်သော ဆန္ဒပြသမား အပါအ၀င် လူ ၃၅၀ ဟာ
ပြည်သူ့ကိုယ်စား ဖြစ်နိုင်ပါသလား ...။ စဉ်းစားစေလိုပါတယ် ။ ယနေ့ နိုင်ငံရေး သမားတွေဟာ
သူတို့ လျှောက်လိုတဲ့ နိုင်ငံရေး သြဇာရရှိရေး အတွက် လမ်းကြောင်းကို ပြည်သူ့ တွေ့ရဲ့
ခံစားမှုလိုလို ၊ ဆန္ဒလိုလို ဝေ့၀ိုက်ကာ သူတို့ရဲ့ လက်ဝေခံ တပြည့်တပန်းတွေနဲ့ ကြွေးကြော်ပြီး
တောင်းဆိုကြတယ်။ ဘယ်လိုမှ ပြည်သူဆန္ဒ မဟုတ်ဘူးဆိုတာ ဒီနေ့ ဆန္ဒပြပွဲက
သတ်သေပြပြီး ဖြစ်ပါတယ်။
ဒီလို အာဏာ ကစားပွဲမှာ တောင်ကုတ်လို ဖွံ့ဖြိုးပြီး အသိပညာ တိုးတက်နေတဲ့ ဒေသက လူတွေ
လုံးဝ မပါဝင်ဘူး ဆိုတာ ပြည်သူများ ကိုယ်တိုင် မြင်တွေ့ ခဲ့ရပြီး ဖြစ်ပါတယ်။
တောင်ကုတ်မှာ လာပြီး ဆန္ဒ ပြပွဲတွေ လာလုပ်ကာ ၄င်းတို့၏ စည်းရုံးမှု အောက်မှာ
ပါဝင်လာအောင် လှုံ့ဆော်ခဲ့တာတွေကို တောင်ကုတ်သားအားလုံး သဘောပေါက်တဲ့အတွက်
တောင်ကုတ်သားတွေ မပါဝင်ကြောင်း အခြားဒေသက ၄င်းတို့၏ လက်ဝေခံလူများနှင့်
ဆောင်ရွက်သွားကြောင်း တွေ့ရှိရြ့ပီး ဖြစ်ပါတယ်။
မဲ လိုချင်မှ တောင်ကုတ်ကို လာချစ်လို့ မရပါဘူး။ုအရင်တုန်းက တောင်ကုတ်အတွက်
ဘာမှ မလုပ်ခဲ့တဲ့အပြင် အောက်သားတွေလို့ နိမ့်ချ ဆက်ဆံကြတယ်။ တောင်ကုတ်ကောလိပ်
မရရှိရေးအတွက် စစ်တွေ တက္ကသိုလ် ကျောင်းသား ၉၆၃ ဦး ကို မြှောက်ပင့်၍ လက်မှတ် ထိုးခိုင်းကာ
နိုင်ငံတော် သမ္မတဆီကို စာပို့တိုင်ကြားခဲ့တာကို ကျနော်တို့ မမေ့နိုင်သေးပါဘူး။
ဘယ်လိုပင် ကြိုးစားကြိုးစား ကျနော်တို့ရဲ့ တောင်ကုတ်ဒေသ ချစ်ကြည် စည်းလုံးမှုကို
အသိပညာနည်းပါးသော လူငယ် တစ်စု ကလွဲ၍ သွေးကွဲစရာ အကြောင်းမမြင်ကြောင်း
ယနေ့ ပြုလုပ်သော ဆန္ဒပြပွဲကို လေ့လာလိုက်လျှင် သိရှိနိုင်ကြောင်း တင်ပြလိုပါသည်။
မေး - ယခုလို ရှင်းလင်းတင်ပြတဲ့ အတွက်ကျေးဇူးတင်ပါတယ်။
ဒေသဖွံ့ဖြိုးရေး ကော်မတီ - ကျနော်တို့ကလည်း ကျေးဇူးတင်ပါတယ်။



No comments :
Post a Comment